ကျောက်တံခါးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေနှစ်သောင်းကျပ်အား အဆင်ပြေလွယ်ကူစွာပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တံခါး ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် တစ်ဦးလျှင်ငွေနှစ်သောင်းကျပ်အား အဆင်ပြေလွယ်ကူစွာ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှစ်သောင်းကျပ်ပေးအပ်ရာတွင် လက်ခံရယူမည့်‌ပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာ လက်ခံရယူနိုင်ရေးအတွက် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များအနေဖြင့် အဖွဲ့များခွဲ၍ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ဖဒိုစသည့် ဒေသ(၃)ခုတွင် သွားရောက်ပေးအပ်နိုင်ရေးပြင်ဆင်ဆောင်ရွက်ရန်နှင့် လက်ခံရယူသည့်ပြည်သူများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်း၊ လူများစုပြုံတိုးဝှေ့မှုမရှိဘဲ စနစ်တကျထုတ်ပေးနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ထားရန်တို့ကိုပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ထောက်ပံ့ငွေပေးအပ်မည့် လူဦးရေနှင့် ထောက်ပံ့ငွေ၊ ထောက်ပံ့ငွေပေးအပ်ရာတွင် ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပါသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)