ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ စုပေါင်းကာ အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး  မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များမှအလှူငွေများနှင့် အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။ အဆိုပါအဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုကို  ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)