စစ်ကိုင်း ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဂျုံစိုက်ပျိုးရာသီ၌ ဂျုံသီးနှံဧက(၃၁၀၅၇)စိုက်ပျိုးရန်လျာထားခဲ့ရာမှာ (၃၁၀၃၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ဂျုံစိုက်ဧက (၃၁၀၃၃) စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒေသနှင့်ကိုက်ညီသော ဈေးကွက်ဝင် အထွက်နှုန်းကောင်း ဂျုံမျိုးများ ပြောင်းလဲသုံးစွဲရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်စေရေး၊ သဘာဝမြေဩဇာ အသုံးပြုမှု မှန်ကန်စေရေး၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်မရှိစေရေး၊ သိုလှောင်ထားချိန်မှာ မျိုးရောစပ်မှုမရှိစေရေးတို့ကို တိုက်နယ်အလိုက် စိုက်ပျိုးရေးတာဝန်ခံများမှတဆင့် နည်းပညာများပေးပြီး လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ထို့အတွက်ကြောင့်ယခုနှစ်တွင် ယခင်နှစ်များထက်ဂျုံသီးနှံ များ ပိုမိုအောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်က ပြောပြသည်။
စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီများတွင် ဒေသနှင့်ကိုက်ညီသည့် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး၊ EM-ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး၊ ထရိုင်ဂိုဒါးမားမြေဆွေးပြုလုပ်သုံးစွဲနိုင်ရေးတို့ကို တောင်သူများအား ဖိတ်ခေါ်၍လည်းကောင်း၊ ကျေးရွာများအရောက်ကွင်းဆင်း၍လည်းကောင်း စဉ်ဆက်မပြတ်နည်းပညာများ ဖြန့်ဝေပေးပြီး လက်တွေ့ပြုလုပ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေလင်းအောင်