ကန့်ဘလူမြို့နယ်၌ မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်းများ တတိယနေ့ ဆက်လက်ဆောင်ရွက်

ကန့်ဘလူ ဖေဖော်ဝါရီ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်း တတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးဝါးကုသမှုခံယူလျက်ရှိသော ပြည်သူ့စစ်လူနာများအား ထောက်ပံ့ငွေများပေးအပ်၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်ချက်အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှလာရောက်ပြသလျက်ရှိသော အထွေထွေရောဂါဝေဒနါရှင် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထမင်းဘူးများဝေငှပေးဝေကြသည်။ ထို့နောက် မြို့တော်ခန်းမ အတွင်း ကလေးလူနာ၊ သားဖွားမီးယပ်လူနာ၊ မျက်စိလူနာနှင့်အထွေထွေရောဂါဆိုင်ရာ ရောဂါများအလိုက် စာရင်းရေးသွင်းနေမှုများ၊ ရောဂါဝေဒနာရှင်များအလိုက် စမ်းသပ်စစ်ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့်အထူးကု ကွင်းဆင်းကုသခြင်းများကို ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယနေ့တွင် အထွေထွေလူနာ ၁၇၁ ဦး၊ ကလေးလူနာ ၅၇ ဦး၊ သားဖွားမီးယပ်လူနာ ၇၄ ဦးနှင့်မျက်စိလူနာ ၇၀၅ ဦး စုစုပေါင်း ၁၀၀၇ ဦးတို့ အား စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)