မြိတ် ဖေဖော်ဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီခွဲက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ ပြုလုပ်ခဲ့သည်။
မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ လျော့နည်းကျဆင်းစေရန်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်ပြီး မီးငြှိမ်းသတ်ရေးနည်းစနစ်များကို လက်တွေ့ ကိုင်တွယ်အသုံးပြုခြင်းကို မီးသတ်ဦးစီးဌာနမှ ဟောပြောဆွေးနွေး သရုပ်ပြခြင်းဖြစ်သည်။
အသိပညာပေးဟောပြောရာ၌ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ဇော်ထွန်းက မီးလောင်ရသည့်အကြောင်းအရင်းများ၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်းများကို ဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇင်ထွန်း ဦးဆောင်၍ DCP မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ အောက်စီဂျင် ဖြတ်တောက်သည့် နည်းစနစ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်း၊ ဂတ်စ်မီးဖိုအသုံးပြုလျှင် ကြိုတင်ကာကွယ်ရမည့်နည်းစနစ်များ လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြခဲ့ကြပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ၀န်ထမ်းများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)