သရက်ချောင်းမြို့နယ် မော်ရှည်ကုန်း-အတွင်းကဇိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ထားဝယ် ဖေဖော်ဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်နေပြည်သူများအတွက် မော်ရှည်ကုန်း-အတွင်းကဇိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ)နှင့် လုပ်ငန်းခွင်အရည်အသွေးထိန်းသိမ်းရေး အဖွဲ့(ရုံးချုပ်)မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သရက်ချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မော်ရှည်ကုန်း-အတွင်းကဇိ ကျေးရွာချင်းဆက်လမ်း (၁/၁) မိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ကျေးလက်နေပြည်သူများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက မော်ရှည်ကုန်း-အတွင်းကဇိ ကျေးရွာချင်းဆက်လမ်း (၁/၁) မိုင် ကျောက်လမ်းအား Box Culvert နှစ်စင်းတည်ဆောက်ခြင်းနှင့် ၁၂ ပေ အကျယ် ၇ လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)