ကန့်ဘလူ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၁၀ နာရီခန့်က ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးမင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက ဒေသဆိုင်ရာအ ချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်းအတွက် ထောက်ပံ့ငွေကျပ် ၁၂၆၀ သိန်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများအား ငွေကျပ် ၁၀ သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ငွေကျပ် ၁၀ သိန်း၊ ကျွန်းလှမြို့နယ်အဆင့် ဌာနဆိုင်ရာများအား ငွေကျပ် ၁၀ သိန်း၊ တပ်မတော်သားများအတွက် ငွေကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များအတွက် ငွေကျပ် ၁၀ သိန်း၊ ပြည်သူ့စစ် (ကန့်ဘလူ/ကျွန်းလှ) တပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၂၀ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်လမ်းညွှန်အမှာစကားပြော ကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲသည် ကန့်ဘလူမြို့ မြို့တော်ခန်းမတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြသကြသည့် (မျက်စိ၊ ကလေး၊ သားဖွား၊ အထွေထွေ) အထွေထွေရောဂါဝေဒနါရှင် ပြည်သူများအား ထမင်းဘူးများဝေငှပေးဝေခဲ့ပြီး မြို့တော်ခန်းမအတွင်း ရောဂါစစ်ဆေးမှုခံယူလျက်ရှိသော ဒေသခံပြည်သူများထံသွားရောက်၍ အားပေးစကားပြောကြားသည်။ ဆက်လက်၍ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ ကလေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် လှုပ်ရှားစိုးမိုးရေးနှင့်မြို့ပေါ်လုံခြုံရေးအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး လှုပ်ရှားစိုးမိုးရေးနှင့်မြို့ပေါ်လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅၀ ဦးအတွက် တစ်ဦးလျှင် တစ်လစာနေ့ထွက်စရိတ် ၂၁၀၈၀၀ ကျပ် စုစုပေါင်း ၃၁၆၂၀၀၀၀ အားထောက်ပံ့ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာပေးအပ်ပွဲကျင်းပရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများအား စနစ်တကျသုံးစွဲနည်း ပညာပေးဆွေးနွေးပြောကြားသည်။ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဓာတ်မြေဩဇာအိတ် ၃၀၀ နှင့်လက်ဆွဲမျိုးစေ့ချကိရိယာ ၁၅၀ တို့အား ထောက်ပံ့ပေးအပ်ရာ ဒေသခံတောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် MSME လုပ်ငန်းများဖြစ်သည့် အမှတ် (၅) ရပ်ကွက်ရှိ စိန်နဒီယက္ကန်းရုံ၊ အမှတ် (၃) ရပ်ကွက်ရှိ ကမ္ဘာကျော်ဆန်စက်၊ ဆီစက်များ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို အားပေးကြည့်ရှုခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် အခက်အခဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ အမှတ် (၃) ရပ်ကွက်ရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် (၅၅၀) ဆရာတော် ဦးဝါသဝနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းတိုက်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် ရောက်ရှိခိုလုံနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ အခက်အခဲများအပေါ် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)