ထားဝယ် ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် စပ်လျဉ်း၍ မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်ကာ ခေတ်ကာလနှင့်လျော်ညီသည့် လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆပ်ကော်မတီ(၈)ခု ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် ၂၀၂၄-၂၀၂၈ ခုနှစ်အထိ (၅)နှစ်တာ ကာလကို လုပ်ငန်းစီမံချက်ပါ လျာထားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များသညိ နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အတွက် ကလေးသူငယ်အားလုံးတန်းတူ ဖွံ့ဖြိုးတိုးတက်စေရန် ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်အတွက် ဌာန/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ဌာနဆိုင်ရာ သင်တန်းသားများနှင့် လူမှုရေးအဖွဲ့များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေး၊ ပြန်လည်ကုစားရေးဆိုင်ရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)