ထားဝယ် ဖေဖော်ဝါရီ ၂၅
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များအား ဒီဂျစ်တယ်နည်းပညာနှင့် online အသုံးပြု၍ ဈေးကွက်ဝင်ရောက်ရောင်းချခြင်း ဗဟုသုတရရှိစေရန်အတွက် “ဒီဂျစ်တယ်အသိ ပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိသော အချိန်အခါတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအား ထိရောက်စွာဆောင်ရွက်နိုင်ပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည်နှင့်အညီ Digital Economy ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ ထို့အပြင်ဌာနမှဆောင်ရွက်လျက်ရှိသော E-commerence Website နှင့် ချိတ်ဆက်၍ ဈေးကွက်နည်းပညာရှာဖွေဆောင်ရွက်နိုင်ပါကြောင်းနှင့် သင်တန်းတွင် ၎င်းနည်းပညာဗဟုသုတများအား ပို့ချသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်အင်ဂျင်နီယာ ဦးစိုးမိုးဝင်းက ဒီဂျစ်တယ်နည်းပညာဖြင့် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေခြင်းဖြင့် ဈေးကွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့တကာ ဈေးကွက်သို့ ထိုးဖောက်ဆောင်ရွက်လာနိုင်စေရေးအတွက် ဒီဂျစ်တယ်နည်းပညာအသုံးပြုခြင်းဆိုင်ရာ အသိပညာဗဟုသုတများအကြောင်း၊ Online အသုံးပြုမှတ်ပုံတင်ခြင်း၊ လုပ်ငန်းရှင်များ online ဈေးကွက်သို့ ဝင်ရောက်ရောင်းချနိုင်ရေးအတွက် ဌာနမှရေးဆွဲထားသည့် E-commerence Website ဝင်ရောက်နည်းနှင့် အသုံးပြုနည်းများအကြောင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က online အသုံးပြုခြင်းဆိုင်ရာ သိမှတ်စရာများအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် cyber လုံခြုံရေးဆိုင်ရာ ဗဟုသုတများ အကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
သင်တန်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)