နတ်တလင်းမြို့၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှု ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်များ ထုတ်ပေး

နတ်တလင်း ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းမြို့ လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ မြို့နယ်တာဝန်ခံအရာရှိ ဒေါ်ယဉ်ယဉ်နွယ်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပထိခိုက် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များ ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Early Dawn Microfinance မှ အာမခံအလုပ်သမား ဒေါ်ချယ်ရီမြင့်သူ၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုကြောင့် နာရေးစရိတ်ငွေကျပ် ၁၃၃၂၀၀၀/-ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်၍ ယခုအခါ ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် သိန်း(၁၅၀) စုစုပေါင်းထုတ်ပေးငွေကျပ် ၁၆၃၃၂၀၀၀/-ကို ကျန်ရစ်သူမိသားစုထံသို့ ပေးအပ်ခြင်း၊ တင်ဟော့ဇာထိုးပန်းထိုးစက်ရုံ(ဇီးကုန်း)မှ အာမခံအလုပ်သမားများ၏ မကျန်းမာမှုအကျိုးခံစားခွင့်နှင့် မီးဖွားမှုနှင့်စရိတ်အကျိုးခံစားခွင့်  စုစုပေါင်းငွေကျပ် ၂၅၉၃၀၈၀/- ထုတ်ပေးခြင်း၊ နတ်တလင်းမြို့နယ် လျှပ်စစ်ရုံးမှ အာမခံအလုပ်သမား ဒေါ်နှင်းဝတ်ရည်အောင်၏ မီးဖွားမှုနှင့်စရိတ်အကျိုးခံစားခွင့်နှင့် မကျန်းမာမှုအကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် ၃၇၈၆၂၄/- ထုတ်ပေးခြင်း၊ နတ်တလင်းမြို့နယ် ဧရာဝတီဘဏ်မှ အာမခံအလုပ်သမား ဒေါ်ယဉ်ယဉ်အေး၏ ဆေးဖိုးကုန်ကျငွေကျပ် ၄၇၄၈၈၀/- ထုတ်ပေးခဲ့ပြီး Early Dawn Microfinanceမှ မန်နေဂျာ ဒေါ်ဇင်မာမျိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ‌တက်ရောက်ခဲ့ကြကြောင်းသိရှိရပြီး နတ်တလင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများ၏ ထိခိုက်နစ်နာမှုများ  ဆုံးရှုံးမှု မရှိစေရေး၊ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်စေရေး သက်ဆိုင်ရာ အလုပ်ရှင်များနှင့်ပေါင်းစပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ဝေယံဖြိုး(ပြန်/ဆက်)