ကျွန်းလှ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာတွင် ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြရာ ယခုနှစ်ဆောင်းရာသီ စိုက်ပျိုးသော ပန်းမုန်လာ ဈေးကောင်းရရှိကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ဒီနှစ် ဆောင်းရာသီမှာ ပန်းမုန်လာ အပင် ၂၀၀၀ ကို ချောင်းရေတင်စိုက်ပျိုးခဲ့ပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖို့နဲ့ လုပ်အားခအပါဝင် ငွေကျပ် ၅ သိန်းကျော် ကုန်ကျပါတယ်။ သီးနှံပေါ်ချိန် အောင်မြင်ဖြစ်ထွန်းပြီး ပန်းမုန်လာ တစ်ပွင့် ကြီးရင်ငွေကျပ် ၂၀၀၀၊ သေးရင် ငွေကျပ် ၁၇၀၀ ရောင်းရပါတယ်။ သီးထပ်စိုက်ပျိုးဖို့လည်း ပြင်ဆင်နေပါတယ်” ဟု ရှမ်းစုကျေးရွာ ပန်းမုန်လာစိုက်တောင်သူ ဦးနိုင်ကပြောသည်။
ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၀၆၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အောင်မြင်ဖြစ်ထွန်း အထွက်နှုန်းကောင်းစေရန် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ