ရေဖြူ ဖေဖေါ်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သီဟိုဠ်စေ့ စတင်ထွက်ချိန်ရာသီတွင် မနှစ်ကပေါက်ဈေးထက် ဈေးကောင်းပိုရရှိကြောင်း သီဟိုဠ်သီးပင်စိုက်ပျိုး တောင်သူများထံမှ သိရသည်။
ယခင်နှစ်တွင် သီဟိုဠ်စေ့ရာသီစချိန်တွင် ဈေးနှုန်းမှာ တစ်ပိဿာကို ငွေ ၅၀၀၀ ကျပ်အထိ ဈေးရရှိပြီး ယခုနှစ်ရာသီစမှာ အစေ့စထွက်ချိန်ကတည်းက တစ်ပိဿာကိုငွေ ၇၅၀၀၊ ၈၀၀၀ ဈေး ကောင်းရရှိကြောင်း ခြံရှင်တစ်ဦးထံမှ သိရသည်။
ရေဖြူမြို့နယ်ရှိ ဧကနိကျေးရွာသည် မြန်မာနိုင်ငံ၌ သီဟိုဠ်ခြံ ဧကအများဆုံး စိုက်ပျိုးပြီး တစ်ရက်လျှင် ပိဿာရာချီ သီဟိုဠ်စေ့ ကောက်ယူရပြီး အလုပ်သမားများငှား၍ ရာသီချိန်အမီ လုပ်ကိုင်ကြရကြောင်း အရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရသည်။
ရေဖြူရှိ သီဟိုဠ်စေ့ အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက “သီဟိုဠ်စေ့ကို ရန်ကုန်က အဝယ်ဒိုင်ကြီးတွေက ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နှင့် ထိုင်းကို တင်ပို့ရောင်းချလျက်ရှိကြောင်း” ၎င်းကပြောသည်။
ရေဖြူဒေသသည် နှစ်ရှည်ခြံစိုက်ပျိုးရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဓိကထား၍ လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံအဖြစ်သီဟိုဠ်၊ ရော်ဘာ၊ အုန်း၊ ကွမ်းသီးပင်များကို မြို့နယ်ရှိ ကျေးရွာနေတောင်သူများကစီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခတ္တာ