စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှု ဒုတိယနေ့ သွားရောက်ကြည့်ရှုအားပေး

မုံရွာ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါအထူးကု ကွင်းဆင်းကုသပေးခြင်း ဒုတိယရက် စစ်ဆေး၊ ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရာက်ဆေးကုသမှုခံယူကြသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ရင်းရင်းနှီး နှီးလိုက်လံနှုတ်ဆက် စကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ နေ့လယ်စာ ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့တော်ခန်းမအတွင်း မျက်စိလူနာ၊ သားဖွားမီးယပ်လူနာ၊ ကလေးလူနာနှင့် အထွေထွေရောဂါ သက်ဆိုင်ရာရောဂါများအလိုက် စာရင်းများပေးသွင်းနေမှုများနှင့် ရောဂါများအလိုက် စစ်ဆေး၊ စမ်းသပ်၊ ကုသပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ကုသရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိရာ ကန့်ဘလူမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ခွဲစိတ်ပြီးမျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားစကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ နေ့လည်စာထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။

အဆိုပါ ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့မှ ၂၇ နေ့အထိ ၅ ရက်ကြာ အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်း၊ သားဖွားမီးယပ်၊ ကလေးနှင့်အထွေထွေရောဂါများအား အထူးကုကွင်းဆင်းကုသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မျက်စိစမ်းသပ်လူနာ - ၅၁၆ ဦး၊ မျက်စိခွဲစိတ်ကုသ ၅၃ ဦး၊  သားဖွားမီးယပ်လူနာ - ၆၁ ဦး၊ ကလေးလူနာ - ၄၇ ဦးနှင့် အထွေထွေရောဂါလူနာ - ၁၈၆ ဦး စုစုပေါင်းလူနာ -  ၈၁၀ ဦးတို့အား စစ်ဆေး၊ စမ်းသပ်၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)