ပုလော ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပြည်သူတစ်ဦးလျှင် ငွေကျပ် ၂ သောင်းစီကို ယမန်နေ့ နေ့လယ် ၂ နာရီက ပုလောမြို့နယ်ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲ အခမ်းအနားတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပုလောမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာလာရောက်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခုပေးအပ်ငွေမှာ နိုင်ငံတော်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပုလောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၄၁၈ စု၊ လူဦးရေ ၁၄၉၃ ဦးရှိသည်ဟု စာရင်းပြုစုထားရှိကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေလယ်ပိုင်းတွင် အိမ်ထောင်စု ၃၄ စု ၊ လူဦးရေ ၁၄၄ ဦးကို တစ်ဦးလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ၂၈၈၀၀၀၀ ကျပ်ကို ထုတ်ပေးပြီးကြောင်းနှင့် ကျန်ရှိနေသော အိမ်ထောင်စု လူဦးရေများကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ထပ်မံစိစစ်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)