ထားဝယ် ဖေဖော်ဝါရီ ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ကျောင်းသား/သူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျောင်းသား/သူများနှင့် ပြည်သူအားလုံး၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားပြီး သဘာဝပတ်ဝန်းကျင်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအကြောင်း နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေများအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးအောင်နိုင်နှင့် တွဲဖက်အတွင်းရေးမှူး၊ အမှတ်(၁၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (တနင်္သာရီ) ရဲမှူးထွန်းနိုင်အောင်တို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သိရှိလိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ လမ်းညွှန်လမ်းအမှတ် အသား၊ အချက်ပြများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ကျောင်းသား/သူ အဆောင်များတွင် အသုံးပြုနိုင်ရန်အတွက် (၄၀)လက်မ မြန်မာ့ရုပ်မြင်သံကြားစက်(၂)လုံးအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ထားဝယ်တက္ကသိုလ်မိသားစုဝင်များအတွက် အာဟာရဒါနအဖြစ် ကြက်ဥအလုံး(၁၀၀၀) အားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးများက ထားဝယ်တက္ကသိုလ်အတွက် လှူဒါန်းငွေ(၃)သိန်းကျပ်အားလည်းကောင်း ပေးအပ်လှူဒါန်း ရာ ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးက အသိပညာပေး ဟောပြောသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။
ဟောပြောပွဲသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင် ဇော်လှိုင်၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးနှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)