ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူသုံးကုန်ပစ္စည်း မုန့်မျိုးစုံထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်

ထားဝယ် ဖေဖော်ဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင် အသုံးပြုတတ်စေရန်အတွက် လူသုံးကုန်ပစ္စည်း မုန့်မျိုးစုံထုတ်လုပ်ခြင်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းသည် မိသားစုအလိုက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းလည်းဖြစ်ကြောင်း၊ မုန့်ပြုလုပ်နည်းအား စိတ်ပါဝင်စားစွာဖြင့်ကြိုးစား၍ သင်ယူမည်ဆိုပါက အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း၊ သေချာစွာလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အောင်မြင်လာနိုင်ကြောင်း၊ မုန့်မျိုးစုံပြုလုပ်နည်းပညာရပ်များကို နည်းပြများက လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဌာနမှ ဆောင်ရွက်လျက်ရှိသည့်အသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး အိမ်တွင်းမှုလုပ်ငန်းအဖြစ်တစ်ပိုင်တစ်နိုင်ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းအချိန်ကာလမှာ တိုတောင်းသော်လည်း ပို့ချသည့် နည်းပညာရပ်များသည် အသက်မွေးဝမ်းကြောင်းပြုနိုင်သည့် သင်တန်းဖြစ်သောကြောင့် သင်တန်းသား/ သူများအနေဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်အောင် ကူညီဆောင်ရွက်ပေးသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ နည်းပြဒေါ်ဆုသက်ဌေးက မုန့်မျိုးစုံပြုလုပ်နည်းလုပ်ငန်းအဆင့်ဆင့်နှင့် ထည့်သွင်းအသုံးပြုရမည့်ကုန်ပစ္စည်းများ၏ အချိုး အစားကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများနှင့် ဒေသခံပြည်သူစုစုပေါင်း (၁၅) ဦးအား ဂျယ်လီနှင့် သရက်ယို အချို/ အစပ် ပြုလုပ်နည်း အဆင့်ဆင့် လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)