နတ်မောက် ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးတောင်သူများ သီးနှံစိုက်ပျိုးရာတွင် အသုံးပြုရန်အတွက် သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများ ပြုလုပ်ရန် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်မှုကြောင့် သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများ ပိုမိုအသုံးပြု၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး တစ်ဧကသီးနှံ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာကျွေးခြင်း ဆောင်ရွက်နိုင်ရန်နှင့် ပိုက်ဆံလျှော်မျိုးစေ့ အလုံအလောက်ရရှိစေရန် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်း (၁၆) ဧကစိုက်ပျိုးထားရှိပြီး မျိုးစေ့များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
ယနေ့ခေတ်တွင် ဓာတုဓာတ်မြေဩဇာများကို တွင်ကျယ်စွာအသုံးပြုလာကြပြီး ဓာတုဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အခြားသောဘေးထွက်ဆိုးကျိုးများကြောင့် မြေဆီလွှာထိခိုက်မှုများ လျော့နည်းစေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့နည်းစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းစင်စေရန်နှင့် တောင်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာပြုလုပ်နည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မူမူစန်း