အိမ်မဲ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက်အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက မိတ်ဆက်စကားများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက တိုင်းရင်းသားရေးရာ ကိစ္စရပ်များအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြောင်းမြခရိုင် ဦးစီးမှူးက လူမှုဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများအားလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသား ဥပဒေ၊နည်းဥပဒေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အိမ်မဲမြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်က စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အိမ်မဲမြို့နယ်ရဲတပ်ဖွဲ့မှူး ခေတ္တရဲမှူးသိန်းဇော်က ယဥ်စည်းကမ်း၊ လမ်း စည်းကမ်းသိမှတ်ဖွယ်ရာများအားလည်းကောင်း အသီသီးအကျယ်တဝင့်ပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသောတိုင်းရင်းသားများက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ရာ တိုင်းရင်းသားရေးရာဝန်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး ပြောကြားခဲ့သူ များအား တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက်တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းများကိုကောက်ယူခဲ့ကြကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)