ပုသိမ်မြို့၌ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ပုသိမ် ဖေဖော်ဝါရီ ၂၄

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က“ ယခုဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သီးနှံအခြေခံယို၊ ဖျော်ရည်၊ သီးနှံခြောက်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ထုတ်ပိုးမှုဆိုင်ရာနည်းပညာများနဲ့ စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းက သင်ကြားပေးသည့် ဘာသာရပ်များကိုအသုံးချပြီး ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်အောင် ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း” သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူးက သင်တန်းသား၊ သင်တန်းသူများအား အမှာစကားများ ဆက်လက်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို ယနေ့မှ မတ်လ (၂) ရက်နေ့အထိ တစ်ပတ်ကြာ သင်တန်းသား (၁၅) ဦးအား သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ သီးနှံခြောက်အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာများကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)