သရက်ချောင်း ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ရှင်းလင်းနိုင်စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား လက်တွေ့သင်ကြားပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)