ရေဦး ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့အ.ထ.က (၁) ၌ ယမန်နေ့နံနက် ၁ဝ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရေဦးခရိုင်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက အဖွင့်အမှာစကားနှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်းအကြောင်းအရင်း၊ ရည်ရွယ်ချက်၊အဆင့်ဆင့်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်နှင့် ရွှေ့ဆိုင်းခွင့်ရှိသည့်ပုဂ္ဂိုလ်များ၊ ကင်းလွတ်ခွင့်ရှိသည့်ပုဂ္ဂိုလ်များ၊ ဆင့်ခေါ်သည့်အဆင့်အလိုက် လာရောက်ရန်ပျက်ကွက်ပါက ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့၀င် ဒုတိယဗိုလ်မှူးကြီး တင်အောင်သန်းက နိုင်ငံတော်ကာကွယ်ရေးတာ၀န်များ၊ တာ၀န်ဖြစ်သည့် စစ်မှုထမ်းရမည့်အသက်အရွယ် ရောက်ရှိသူများ၊ စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ရှောင်လွှဲတိမ်းရှောင်၍ မရကြောင်း၊စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရန် ဥပဒေ၊ နည်းဥပဒေနှင့်အညီလျှောက်ထားပုံနည်းလမ်းများ စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ လက်ရှိပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စစ်မှုထမ်းလုပ်ဆောင်နေမှု အခြေအနေများ၊ ပုံစံ (၁) မှ ပုံစံ (၁၂) အထိ ချပြရှင်းလင်းခြင်းနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာ၀န်များကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့၀င် ဗိုလ်မှူးဖြိုး၀င်းထက်က ပြည်သူ့စစ်မှုထမ်းသူများ၏ ခံစားခွင့်များကိုလည်းကောင်း၊ အဖွဲ့ဝင်ရဲမှူးဟန်၀င်းလှိုင်က စစ်မှုထမ်းရန်ဆင့်ခေါ်ချိန် ရှောင်လွှဲရန်အားပေးကူညီသူ၊ ပျက်ကွက်သူများ ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ကြရန်နှင့်ပြည်သူများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးဝာာ၀န်ကို တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးစေလိုကြောင်း ဖြည့်စွက်မှာကြာခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောင်ဆန်းရပ်ကွက် နေပြည်သူများ စုစုပေါင်းအင်အား (၁၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)