ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ပြန်လည်ပို့ဆောင်

ကော့သောင်း ဖေဖော်ဝါရီ ၂၄

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁၉၈)ဦး၊ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၂၀၀)ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌သူဟိန်းစိုးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကိုပြောကြားပြီး ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးလက်ခံခဲ့သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ကိုယ်ရေးမှတ်တမ်းများကောက်ယူခြင်းနှင့် ကျန်းမာ‌ရေးစစ်ဆေးမှုများဆောင်ရွက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးပေးကာ မိမိတို့နေရပ်ဒေသ အသီးသီးသို့ စနစ်တကျပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)