မင်းဘူးမြို့၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အသိပညာပေးဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းအစီအစဉ်များကို ယနေ့နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၏ လမ်းညွှန်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးအောင်ကိုထိုက် ဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ ဒေသတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ ပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ရှေးဦးမီးငြှိမ်းသတ်ခြင်းကို အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်စေရန် မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်ကို အသိပညာပေး ရှင်းလင်းပြောကြားပြီး ရေစိုအဝတ်ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအား အသုံးပြု၍ ငြှိမ်းသတ်ခြင်းနှင့် မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးလေ့ကျင့်ဆောင်ရွက်ခဲ့ရာ အဆိုပါ လက်တွေ့သရုပ်ပြခြင်းအစီအစဉ်များတွင် ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ခရိုင်နှင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားခွဲရုံအတွင်း သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်မှု၊ ခရိုင်နှင့် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရိုင်မီးသတ်ဦစီးဌာနမှ တာဝန်ရှိသူများက ရုံးနှင့် ဝန်ထမ်းလိုင်းခန်း အဆောက်အဦများအတွင်း မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှပ်စစ်မီးလိုင်းများ လျှပ်စစ်ဝါယာလျှော့မဖြစ်ပွားစေရေးအတွက် မီတာဘောက်၊ မီးလိုင်း၊ မီးကြိုး၊ မီးခလုပ်နှင့် မိန်းခုံများ၊ လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျ သွယ်တန်းတပ်ဆင်အသုံးပြုနေမှု၊ မီးသတ်ဆေးဘူးများအား လူမြင်ကွင်းတွင် ချိတ်ဆွဲတပ်ဆင်ထားရှိရေး၊ ရေလှောင်ကန်၊ ရေစုကန်နှင့် အမြင့်တင်ရေစင်များတွင် အရေးပေါ်ရေများ အရန်သင့်ဖြည့်တင်းထားရှိရေး၊ အပေါ့စားမီးငြှိမ်းသတ်စက်၊ မီးချိတ်၊ မီးခပ်၊ လှေကားနှင့် ရေပုံးများ ပြင်ဆင်ထားရှိရေး လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)