တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် ပြည်သူများအား စားသုံးဆီများကို ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြိုနယ်တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် စျေးများရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရန်၊ အခြားစားသောက်ကုန်ပစ္စည်းများဖြင့် တွဲဖက်၍ ရောင်းချခြင်းမပြုရန်၊ ပါကင်ပိတ်ဖြင့် ရောင်းချသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့် ကုန်ပစ္စည်းများ ရောင်းချရန် စသည့် လုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စားသုံးဆီများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းက မြို့ပေါ်ရပ်ကွက်၊ စျေးများရှိ စားသုံးဆီအရောင်းဆိုင်တွင် စားအုန်းဆီများကို ပြည်သူများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနထံမှ  သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)