ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာတွင် စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ငပုတော ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စုတွင် ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ စမ်းချောင်းစဉ့်အိုးဖို့ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းက စားသုံးသူများအနေဖြင့် သိရှိလိုက်နာရမည့်အချက်များ၊ကုန်အညွှန်းအမှတ်အသားနှင့် မြန်မာနိုင်ငံဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်မှုကြီးကြပ်ရေးကော်မတီ၏ ထောက်ခံချက်ရမရှိသော အစားအစာများကို သိုလှောင်ရောင်းချခြင်းနှင့် စားသောက်ခြင်းမပြုရန် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ဇင်မေထက်က Online ဈေးရောင်းချမှုနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအရောင်းဆိုင်များအား ပုံမှန် ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)