မုံရွာ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူတပ်နယ်မှူး၊ ကန့်ဘလူ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးကြပ်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မျက်စိ၊ သားဖွားမီးယပ်နှင့် ကလေးအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လာရာက်ဆေးကုသမှုခံယူကြသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့တော်ခန်းမအတွင်း မျက်စိလူနာ၊ သားဖွားမီးယပ်လူနာ၊ ကလေးလူနာနှင့် အထွေထွေရောဂါ သက်ဆိုင်ရာ ရောဂါများအလိုက် စာရင်းများပေးသွင်းနေမှုများနှင့်ရောဂါများအလိုက် စစ်ဆေး၊ စမ်းသပ်၊ ကုသ ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ နေ့အထိ ၅ ရက်ကြာ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း၊ သားဖွားမီးယပ်၊ ကလေးနှင့်အထွေထွေရောဂါများအား အထူးကုကွင်းဆင်းကုသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မျက်စိလူနာ ၅၂၂ ဦး၊ သားဖွားမီးယပ်လူနာ ၃၈ ဦး၊ ကလေးလူနာ ၅၀ ဦးနှင့် အထွေထွေရောဂါလူနာ ၁၀၀ ဦး စုစုပေါင်း လူနာ ၇၁၀ ဦးတို့အား စစ်ဆေး၊ စမ်းသပ်၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)