ကော့ကရိတ် ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ဝင်းကြီးကွက်သစ်အတွင်း နေထိုင်သူဒေသခံများသည် တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော နတ်မျှားတံမြက်စည်းပင်များကိုချိုးယူ၍ တစ်နိုင်တစ်ပိုင် တံမြက်စည်းချောများ ပြုလုပ်ရောင်း ချနေထိုင်လျက်ရှိကြောင်း သိရသည်။
တံမြက်စည်းပြုလုပ်ရာတွင် တံမြက်စည်းအပင်များကို နေလှန်း၍ အပွင့်များကိုရိုက်ချွေခြင်း၊ အပင်ဖျားကိုအရွယ်ညီခုတ်ခြင်း၊ အရိုးတံကိုခုတ်ချွန်ခြင်း၊ ရိုးတံနှင့်အရွယ်ညီ ခုတ်ထားသော တံမြက်စည်းပင်များကို စုကိုင်၍ ကြိုးဖြင့်တင်းအောင် ချည်ကာ အဆင့်ဆင့်ပြုလုပ်ပြီးမှသာ တံမြက်စည်းချောတစ်လက်ကိုရရှိပါကြောင်း၊ အဆိုပါတံမြက်စည်းချောများကို ဈေးဆိုင်များသို့ ဖောက်သည်သွင်းခြင်း၊ လက်ဆောင်ပေးခြင်း၊ အိမ်သို့လာရောက်ဝယ်ယူခြင်းများလည်းရှိပြီး တံမြက်စည်းချောတစ်လက်ကို ၃၅၀၀ကျပ် အထိ ဈေးရရှိကြောင်း သိရသည်။
တံမြက်စည်းချောတစ်လက်သည် နှစ်ပေါက်အောင်ခိုင်ခံမှုရှိသည့်အတွက် ဝယ်ယူအသုံးပြုသူများ ကြိုက်နှစ်သက်မှုရှိသဖြင့် တံမြက်စည်းပြုလုပ်သူများအတွက်လည်း အိုးမကွာအိမ်မကွာ အပိုဝင်ငွေများ ရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)