တနင်္သာရီ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ ကျက်သရေဆောင် ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်၌ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် နေ့/ ညအသံမစဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားကို (၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်၁၁ရက်) ဖေဖော် ဝါရီလ ၂၃ ရက် နံနက် ၉ နာရီခွဲက အေးငြိမ်းချမ်းသာ ဘုရားတောင်ပေါ်ရှိ ကံမြင့်ဘုရားကျောင်းဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ ဘိုးဘွားရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် ပင့်သံဃာ (၂၃) ပါး၊ မတည်အလှူရှင်များနှင့် ဝေယျာဝစ္စအလှူရှင်များ၊ ဆွေတော် မျိုးတော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် လူပရိတ်သတ်အပေါင်းတို့က နမောတဿ (၃) ကြိမ် ဘုရားကန်တော့ဖွင့်လှစ်၍ နေ့/ ညအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကြေးစည်နှင့် မောင်းကြီးကို (၂၄) ချက်စီ ပြိုင်တူတီးကာ သာဓုခေါ်ဆိုခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်/ သံဃာတော်များက အန္တရာယ်ကင်းမေတ္တာသုတ်ပရိတ်ကို ရွတ်ပွားပူဇော် ပေးတော်မူကြပြီး ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်၏ အတွင်းရေးမှူးဖြစ်သူ ဦးတင့်နိုင်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပေးသည်။
ဆက်လက်၍ ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက် ဦးစီးပဓာနဆရာတော်ဘဒ္ဒန္တသုန္ဒရက လူပရိတ်သတ်အပေါင်းတို့အား ကိုးပါးသီလနှင့် “တရားတော်ကိုအလှူခံပေးပါ” အနုမောဒနာတရားတော်ဖြင့် ကျေးဇူးဆပ်ချီးမြှင့်မြွက်ကြားပေးပြီး စေတီငယ်အလှူရှင်များနှင့်စတီးဝရံတာအလှူရှင်များ၊ ပဋ္ဌာန်းအလှူရှင်များ၊ ငွေအား/ လူအားတို့ဖြင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ၍ သာဓုသုံးကြိမ်ခေါ်ဆိုခဲ့ကြပါသည်။
ထို့နောက် နတ်ဗြဟ္မာများကို ပြန်ပို့ပေးကြပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်သံပြိုင်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည်။
ထို့နောက်အလှုရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး တရားနာလူပရိတ်သတ်အပေါင်းတို့ကိုလည်း နေ့လည်စာဖြင့် လှူဒါန်းကျွေးမွေးကြသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်နေ့ ဖေဖော်ဝါရီလ (၁၉ရက်မှ၂၃ရက်) အထိ (၅) ရက်တိုင်တိုင် ဆရာတော်/ သံဃာတော်များ (၂၃) ပါးတို့က အလှည့်ကျစနစ်ဖြင့် နေ/ ညမပြတ် ရွတ်ဖတ်ပူဇော်ပေးကြခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)