နတ်မောက် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၌ ချည်မျှင်ရှည်ဝါ သီးနှံများစိုက်ပျိုးရန် (၂၄၆၃၁) ဧက လျာထားခဲ့ရာ ကျေးရွာတောင်သူများအနေဖြင့် ချည်မျှင်ရှည်ဝါများကို ပိုမိုစိုက်ပျိုး လာကြသဖြင့် စုစုပေါင်းဧက (၂၉၄၇၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး မူလစိုက်ပျိုးရန်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မိုးရာသီ အစောပိုင်း ဇွန်လခန့်က မိုးရွာသွန်းမှု နည်းပါးမှုကြောင့် ချည်မျှင်ရှည်ဝါသီးနှံများကို လျာထားဧက၏ ထက်ဝက်ကျော်ခန့်သာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ဩဂုတ်လနောက်ပိုင်းတွင် မိုးရေရရှိမှု အပေါ်မူတည်ကာ ဆက်လက်စိုက်ပျိုးကြသဖြင့် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အကျိုးဆောင်တောင်သူများက ပြောကြားခဲ့သည်။ တောင်သူများအနေဖြင့် ရွှေတောင်-၈၊ ရွှေတောင်-၁၀ ချည်မျှင်ရှည်ဝါ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပြီး ယခုနှစ် တစ်ဧကအထွက်နှုန်းမှာ (၅၁၁) ပိဿာ ထွက်ရှိကြောင်း သိရသည်။
ထို့နောက် လာမည့်စိုက်ပျိုးရာသီတွင် ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ ဝါသီးနှံတစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ အပင်ပြုစုနည်းစနစ်များကို တောင်သူများ လက်တွေ့လုပ်ကိုင်လာစေရေး အတွက် နတ်မောက်မြို့နယ် ပ/ဂွေးချိုကျေးရွာအုပ်စု အမှတ်(၈၃၉)တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ (၃၀) ဦးတို့ ယမန်နေ့က ညှိနှိုင်းပညာပေးခဲ့ကြောင်း သိရသည်။
မူမူစန်း