တောင်ငူ ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနှင့် သာသနာ/အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံဆုတောင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက တောင်ငူမြို့၊ တောင်ငူနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ပကူးမြို့မကရင်နှစ်ခြင်းအသင်းတော်တို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် တောင်ငူမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော်များမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ သိက္ခာတော်ရဆရာတော် စောရွှေဒုံးနှင့် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် စောချစ်မျိုးတို့က မိတ်ဆက်ဆုတောင်းစကားပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်နှင့် တက်ရောက်လာကြသူများက “အိုသာယာသော မြန်မာပြည်တော်” ဓမ္မသီချင်းကို အတူတကွ သီဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို သိရှိစေလိုကြောင်း၊ ငြိမ်းချမ်းရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် နိုင်ငံတော်အစိုးရ၏ စေတနာကိုသိရှိနားလည်ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံးငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အမှာစကားပြောကြားပြီး တောင်ငူမြို့၊ ခရစ်ယာန်အသင်းတော်လူငယ်များမှ တပင်တိုင်ဂုဏ်တော်ချီးမွမ်းသည်။ ယင်းနောက် တောင်ငူမြို့နယ်အတွင်းရှိ အသင်းတော်များမှ တာဝန်ရှိသူများက တင်ပြဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များမှ အကြံပြုချက်များ ပြောကြားသည်။ ထို့နောက် ငြိမ်းချမ်းရေးအတွက် အဖဘုရားသခင်ကိုယ်တော်မြတ်ထံ ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍ အထူးဆုတောင်းခြင်း ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ တောင်ငူခရစ်ယာန်အသင်းတော်များကောင်စီနှင့် အလှူရှင်များက တောင်ငူမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှ တိုက်ပွဲရှောင်ပြည်သူများအား အလှူငွေ၊ ဆန်၊ အဝတ်အစားနှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)