ဝေါမြို့နယ်၌ (၃၄)ကြိမ်မြောက် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဝေါ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်း၊ အောင်ချမ်းသာရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်တော်လောင်းလှူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များစုပေါင်းကာ မတ်လ(၁၀)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့်  မတ်လ ၁၃ ရက်နေ့(တပေါင်းလပြည့်နေ့)နံနက် (၈း၀၀) နာရီတွင် ဆွမ်းဆန်တော်လောင်းလှူခြင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဝေါမြို့ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့်ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးနိုင်ရေးနှင့်ပတ်သက်၍ ဝေါမြို့နယ်သံဃနာယကဥက္ကဋ္ဌ   ဒလနွမ်းကျောင်းဦးစီးပဓာနနာယကဆရာတော် ဥူးသြဘာသက ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်တော်လောင်းလှူပွဲအား အခါတိုင်းနှစ်တွေထက် ပိုမိုစည်ကားစွာ ကျင်းသွားပမည်ဆိုသောကြောင့် အလွန်ဝမ်းသာမိကြောင်း၊ သမိုင်းဝင်ဆုတောင်းပြည့်ကြုံတူဘုရားပွဲဆိုတာ မြို့နယ်အဆင့်ဘုရားပွဲဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညီညာဖို့လိုကြောင်း ယခုနှစ်မှာ မြို့နယ်အတွင်းရှိ သက်ကြီးဝါကြီးသည့် သက်တော်ရှည်ဆရာတော်ကြီးများကို ပူဇော်ပွဲပါပြုလုပ်သွားမည်ဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းနှင့် ရဟန်းရှင်လူအပေါင်း ညီညီညွတ်ညွတ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ပါစေဟု ဩဝါဒချီးမြှင့်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသီဟထွန်းက ဗုဒ္ဓပူဇနိယပွဲတော်ကို  ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးကြီးကြပ်မှုကော်မတီ၊ သံဃာတော်များ ပင့်ဖိတ်လျှောက်ထားရေးနှင့် ကြိုဆိုပင့်ဆောင်ရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့်အလှူငွေလက်ခံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေး၊ ဆွမ်းဆက်ကပ်လှူဒါန်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစသည့် အဖွဲ့များဖွဲ့၍ အောင်မြင်စွာကျင်းပ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးသီဟထွန်းက

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးကိစ္စရပ်များပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးပြောကြားသည်။ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များ ပူဇော်ပွဲ၊ ဆွမ်းဆန်တော်လောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ အသက်တော်(၈၀)နှင့်အထက်၊ ဝါတော်(၅၅)ဝါနှင့်အထက်ရှိ သက်တော်ရှည်ဆရာတော်ကြီး(၁၁)ပါးကို ပူဇော်ကန်တော့ပြီး စေတီတော်ရင်ပြင်တွင် ကျောင်းတိုက်ပေါင်း(၁၆၈)တိုက်မှ သံဃာတော်(၁၆၉)ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)