ဟင်္သာတ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့၊ ကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် စံပြမြို့၊ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးအတွက် ဟင်္သာတမြို့နယ် ကင်မွန်းချောင်းကျေးရွာသို့ ယနေ့နံနက်ပိုင်းတွင် စံပြကျေးရွာရွေးချယ်ရေးကော်မတီအဖွဲ့များကသွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကော်မတီအဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းကျေးရွာသို့သွားရောက်၍ ကျေးရွာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုလုပ်ငန်းများ၊ ကျေးရွာရှိစာသင်ကျောင်းများ၏ အခြေအနေများ၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်မှုများ၊ ကျေးရွာအတွင်း လမ်းဖောက်လုပ်ထားရှိမှု အခြေအနေများနှင့် သန့်ရှင်းသာယာမှုများအား စံပြကျေးရွာ သတ်မှတ်ရေးကော်မတီအဖွဲ့မှ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ထို့အတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အဆိုပါကျေးရွာရှိ လမ်းပြကြယ် စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်များလှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်/ပြန်ဆက် (ဟင်္သာတ)