မော်လမြိုင်ကျွန်းမြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ်

မော်လမြိုင်ကျွန်း ဖေဖေါ်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပံ့ပိုးငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းတို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား ပံ့ပိုးငွေများကို နေရပ်စွန့်ခွာပြည်သူများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများတက်ရောက်ခဲ့ပြီး နေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် လူဦးရေ(၈၁)ဦးအတွက် ကျပ်(၁၆၂၀၀၀၀)ကို ပေးအပ်ခဲ့ကြောင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် (၄.၂.၂၀၂၅) ရက်နေ့စာရင်းအရ ယာယီနေရပ်စွန့်ခွာပြည်သူစုစုပေါင်း (၉၆) ဦးရှိရာ (၁၅)ဦးမှာ မိမိနေရပ်သို့ ပြန်လည်ထွက်ခွာသွားကြပြီး ယနေ့တွင်ကျန်ရှိနေသည့် (၈၁)ဦးအား ပံ့ပိုးငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)