ထားဝယ်မြို့၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ထားဝယ်    ဖေဖော်ဝါရီ   ၂၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ထားဝယ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးသက်နိုင်က မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၃၃)ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၈)ရပ်ကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပြီး လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ရောက်ပြီးနောက် မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်၊ ရေရှည်တည်မြဲစေမည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အန္တရာယ်ရှိသောအလုပ်အကိုင်များမှ ကလေးအလုပ်သမားများ ပပျောက်စေရန်ရည်ရွယ်၍ သက်မွေးသင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှစာတွေ့လက်တွေ့ ပို့ချပေးခဲ့သည့် ဘာသာရပ်များ၊ သင်ခန်းစာများကိုလက်တွေ့နယ်ပယ်မှာ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝမြင့်မားလာပြီး ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးဟိဏ်းထက်အောင်က အခြေခံစက်ချုပ်သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဝင်များက သင်တန်းသား ၂၁ ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက သင်တန်းသားများချုပ်ကိုင်ထားသည့် အဝတ်အထည်များအား ကြည့်ရှုအားပေး၍သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)