ကသာ ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ/ နည်းဥပဒေများနှင့်ပတ်သက်၍ သိကောင်းစရာများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့တော်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ/နည်းဥပဒေများနှင့် ပတ်သက်၍ သိကောင်းစရာများအား ချပြရှင်းလင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ရခြင်း၏ရည်ရွယ်ချက်နှင့် နိုင်ငံတကာ၏ စစ်မှုထမ်းဆောင်ရခြင်းအကြောင်းအရာ များကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်လှိုင်မြင့်က စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်း ထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှု ထမ်းဥပဒေ/ နည်းဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများနှင့် ပြည်သူများစိုးရိမ်ခြင်းမဖြစ်စေရေး တို့ကိုလည်းကောင်း၊ ခရိုင် ဥပဒေအရာရှိ ဦးတူးခေါင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေ၏ ကွာခြားမှု၊ ဥပဒေသက်ရောက်သည့် ကာလ၊ တာဝန်ယူဆောင်ရွက်ရသည့်ဌာန၊ အဖွဲ့အစည်းနှင့် စစ်မှုထမ်းဆောင်ခြင်းကိုရှောင်လွှဲပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည်တို့ကို အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။
အဆိုပါ ရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ/နည်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေ/ နည်းဥပဒေများနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)