ဇလွန် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော မူကြိုကျောင်းဆင်းပွဲ အောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဘဏ္ဍာရေးမှူး ဆရာမကြီးဒေါ်ယဉ်ကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါင့်ကြီးမူကြိုကျောင်းမှ ကျောင်းသားမိဘများကိုယ်စားဦးဝင်းမင်းထွဋ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့်တာဝန်ရှိသူများက မူကြိုပြီးဆုံးကြောင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး မူကြိုကလေးငယ်များအား အရုပ်လက်ဆောင်များချီးမြှင့်ခဲ့ကြသည်။
ယင်းနောက်ဒေါင့်ကြီးမူကြိုနှင့်လမ်းမတော်မြောက်မူကြိုမှကလေးငယ်များ ၊ အ.မ.ကတတောင်ကွေ့ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေါင့်ကြီးမူကြိုနှင့် လမ်းမတော်မြောက်မူကြိုမှမေမေများအဖွဲ့နှင့် မူကြိုဆရာမများအဖွဲ့တို့က တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)