တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ စိုက်ပျိုးရေရရှိရေး တူးမြောင်းနှင့်ရေတံခါးဆောက်လုပ်နေမှုများနှင့် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပ​ရေး၊ ဘုရား​စေတီပုထိုးများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ စာသင်ကျောင်းများ၊ ​ဆေးရုံများနှင့် လမ်း​ဘေးဝဲယာများနှင့် အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ  ပုသိမ်မြို့ရှိ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာဝန်းအတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး  သန့်ရှင်းရေးလုပ်ငန်းများအား အပတ်စဉ်သာမကနေ့စဉ်ဆောင်ရွက်ကြရန်၊ ဘုရား၊ စေတီ၊ ပုထိုးများအား ကြည်ညိုဖွယ်ရာဖြစ်စေရေး၊ ရောင်ခြည်တော်ဖွင့်ခြင်း၊ ရေသပ္ပါယ်ခြင်းနှင့်သန့်ရှင်းသာယာမှုရှိစေရေး၊ ဘုရားဖူးလာရောက်သူများအား စိတ်အေးချမ်းသာယာမှုရှိစေရေး ဆောင်ရွက်ထားရှိရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုရှိစေရေး မြေယာရှုခင်းများစနစ်တကျပြုလုပ်ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး၊  သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းရေး၊ ပြည်သူလူထု အပန်း​ဖြေ​နေရာများ၊ ပန်းခြံများ သန့်ရှင်းသပ်ရပ်မှုရှိ​စေ​ရေး၊ ပန်းပေါင်းဝေဆာပြီး မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစို​ပြည်သန့်ရှင်းသာယာလှပရေး၊ အမှိုက်များအား စနစ်တကျစွန့်ပစ်စေရေးနှင့် ပြည်သူများပူးပေါင်း ပါဝင်စေရေးမှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစု​ပေါင်း၍ အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်းသန့်ရှင်း​စေ​ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစို​ပြေ​စေ​ရေးနှင့် သန့်ရှင်းသာယာလှပ​စေ​ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သာပေါင်းမြို့နယ် အောင်တပ်ကျေးရွာအုပ်စုရှိ ပုဇွန်ထူရိုးချောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက မြောင်းအရှည်(၆၀၀)ပေရှိပြီး တူးမြောင်းဘေးဝဲယာရှိ အကျိုးပြုဧက(၁၅၀)ဧကအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်းနှင့် တူးမြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေရရှိပြီဖြစ်၍ မြေလွတ်မြေလပ်မကျန်စိုက်ပျိုးရန်၊ စိုက်ပျိုးမြေ များကိုအကျိုးရှိစွာအသုံးချရန်၊ နွေစပါးအပါအဝင်သီးနှံစုံစိုက်ပျိုးကြရန်နှင့် အထွက်တိုးမျိုးများ အသုံးပြုကြရန်နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့ တဲကြီးကုန်း လမ်းဘေးဝဲယာတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ပလက်ဖောင်းနှင့်ကတ်တုန်းကြားရှိ မြက်ခင်းပြင်များ စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ မြို့သန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရန်၊ မြက်ခင်းများ၊ ပန်းအလှအင်များဖြင့် စိမ်းလန်းစိုပြည်နေစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၃)နှစ်မြောက်တောင်သူလယ်သမားနေ့  အခမ်းအနားကျင်းပပြုလုပ်မည့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာကွင်းသို့ သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ သီးပင်စားပင်များအား စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စနစ်တကျစိုက်ပျိုးရန်၊ ပိုးမွှားများကျရောက်မှုမရှိစေရေးဆောင်ရွက်ရန်၊ သီးပင်စားပင်များ အချိန်မီသီးပွင့်စေရေး၊ သစ်ပင်ပန်းမန်များ စိမ်းလမ်းစိုပြည်နေစေရေးနှင့် အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ အမှိုက်များကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ MSME ပြခန်းများတွင် စိုက်ပျိုးမွေးမြူထွက်ကုန်များ ပိုမိုပြသဆောင်ရွက်သွားရန်၊ တောင်သူအသိပညာပေးလုပ်ငန်များထည့်သွင်းဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးနှင့်သက်ဆိုင်သည့် ပြခန်းများတွင် စက်ပစ္စည်းကိရိယာများစုံလင်စွာပြသနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ မဏ္ဍပ်နှင့်စတိတ်စင်များ အချိန်မီပြင်ဆင်ပြီးစီးရေး၊ လုံခြုံရေးစီမံချက်များကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ် ကျုံကြီးကျေးရွာအုပ်စု ကံကုန်-မြင်းကဆိပ် ကားလမ်းမဘေး(ယာ)နှင့် အရှည်(၄၀၀)ပေရှိ လမ်းဘေးမြောင်းတူးဖော်နေခြင်းနှင့် ညောင်ချောင်းကျေးရွာအုပ်စု၊ ကံကုန်း-မြင်းကဆိပ် ကားလမ်း(ယာ)ဘက်ခြမ်းရှိ ကားလမ်းဘေးတွင် စိုက်ပျိုးမြေ(၁၂၀၀)ဧကအားအကျိုးပြုမည့် အလျား ၃၈ ပေ × အနံ ၃၄ ပေ ၆ လက်မ (၆'×၆')(၂)ပေါက် သံကူကွန်ကရစ်ရေသွင်းရေထုတ် ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်  ရေချိုများ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ လုပ်ငန်းများသတ်မှတ်ကာအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက်တွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားတက်ရောက်ခဲ့ပြီး အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးဆရာတော်က အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာကာ အစည်းအဝေး သဘာပတိဆရာတော်က အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထား၍ ကြီးကြပ်ရေးဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်၏ ဘွဲ့အမည်စာရင်းကိုကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့်အဆိုရှင် တိုင်းဒေသကြီး/ပြည်နယ် သံဃာ့ဝန်ဆောင်ဆရာတော်ကို ဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ရွေးချယ်ခံရသည့် တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကဆရာတော် ဘွဲ့အမည်စာရင်းကို တိုင်းဒေသကြီး/ပြည်နယ် သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းပြီး သာဓု(၃)ကြိမ်ခေါ်၍ အတည်ပြုကာ သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အခမ်းအနားသို့  ကြွရောက်လာသော ဆရာတော်သံဃာတော်များအား နေ့လည်ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)