ဘားအံ ဖေဖော်ဝါရီ ၂၃
နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက တရားစီရင်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ တရားရုံး စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ အချုပ်တရားခံပါအမှုများကို ကြန့်ကြာမှု မရှိစေဘဲစစ်ဆေးကြရန်နှင့် ခံဝန်အမှုများကိုလည်း ပြီးသင့်ပြီးထိုက်သည့်အချိန်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ကြရန်၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့် အမှုများကိုလည်း ကြန့်ကြာမှုမရှိအောင်ဆောင်ရွက်ကြရန်၊ ပြဋ္ဌာန်းထားပြီးဖြစ်သော မူပိုင်ခွင့် ဥပဒေများသည် အာဏာသက်ရောက်ပြီးဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေချိုးဖောက်၍စွဲ ဆိုလာမှုများကို မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးစီရင်ဆုံးဖြတ်ကြရန်၊ တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇) ၏ တတိယနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၅) အောင် မြင်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တရားသူကြီးများသည် တရားစီရင်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရုံမျှဖြင့် လုံလောက်ပြီဟုဆိုနိုင်မည်မဟုတ်ဘဲ ပြောင်းလဲနေသည့်ခေတ်ကို မျက်ခြည်မပြတ်လေ့လာ၍ ခေတ်နှင့်အညီ မိမိ၏ကိုယ်ပိုင် အရည်အချင်းများ တိုးတက်မြင့်မားရေးကိုလည်း အလေးပေးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း စသည်ဖြင့် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ( ၃၁ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)