ထားဝယ် ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကိုလှည့်လည်၍ ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိပ်သာအတွင်း၌ နေထိုင်သည့် သက်ကြီးဘိုးဘွားများအား ရင်းနှီးနွေးထွေးစွာလိုက်လံနှုတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘိုးဘွားများအား အလှူငွေများပေးအပ်ပြီး ဘိုးဘွားများက ဆုတောင်းမေတ္တာပို့သကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘိုးဘွားများ၏ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ ကျွေးမွေးနေသည့်စားသောက်ဖွယ်ရာများနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း ကျောင်းသား/သူများနေထိုင်သည့် အဆောင်နှင့်အားကစားခန်းမများအား လှည့်လည်ကြည့်ရှုပြီး ကောလိပ်ဝင်းအတွင်းဈေးဆိုင်ရောင်းချနေသည့် ဈေးသူ/ဈေးသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းတည်ဆောက်နေသည့် Hall ခန်းမနှင့် (၃)ထပ်ကျောင်းဆောင်အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့် အောင်တံခွန်ငါးဈေးအကြား ၂ လမ်းသွားတိုးချဲ့ခြင်းနှင့် ၄ လမ်းလမ်းသွားတိုးချဲ့ခြင်းလုပ်ငန်းများ၊ ဘုမ္မော်ချောင်းကူးတံတား( ၈၀ ပေ သံကူကွန်ကရစ် တံတား ၁ စင်း) တည်ဆောက်နေမှုအခြေအနေ၊ ကြက်စားပြင်ဘုန်းကြီးကျောင်းနှင့် အောင်တံခွန်ငါးဈေးကြားလမ်းလယ်ကျွန်းဆောင်ရွက်မည့်နေရာ၊ ကမ်းနားလမ်းအပိုင်း (မြစ်ဘက်ခြမ်း)တွင် အုတ်တံတိုင်း၊ လက်ရန်းနှင့်လမ်းဘေးဝဲ/ယာ ရေမြောင်းပါ ပလက်ဖောင်းပြုလုပ်ဆောင်ရွက်နေမှုအခြေအနေ၊ မြောင်းပုလဲချောင်းကူး တံတား၊ ကမ်းနားလမ်းတံတားနှင့်ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအခြေအနေ၊ ထားဝယ်-ကမြောကင်း- မောင်းမကန်လမ်း ကျောက်စီရေမြောင်း တည်ဆောက်နေမှုအခြေအနေ၊ ကမြောကင်းလမ်း၊နိဗ္ဗာန်လမ်းဆုံမှ ပုံကျွန်းလမ်းဆုံကြား လမ်းဘေး ဝဲ/ယာ ရေမြောင်းပါ ပလက်ဖောင်းပြုလုပ်နေမှု၊ ကမြောကင်းလမ်း၊ ပုံကျွန်းလမ်းဆုံမှ အောင်ဇေယျလမ်းဆုံအထိ လမ်းဘေးဝဲ/ယာ ရေမြောင်းပါပလက်ဖောင်းပြုလုပ်နေမှု၊ ကမြောကင်းလမ်းအောင်ဇေယျလမ်းဆုံမှ ဆန်းချီလမ်းဆုံအထိ လမ်းဘေးဝဲ/ယာ ရေမြောင်းပါပလက်ဖောင်းပြုလုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်း ဆောင်ရွက်ရာတွင် ရေရှည်ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးတို့ကို အလေးအနက်ထားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)