အင်္ဂပူမြို့တွင် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်

အင်္ဂပူ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ကွင်းကောက်(မြောက်)ကျေးရွာ၊ မြတ်ဓမ္မရောင်ခြည်သာသနာ့ဗိမာန်တွင် ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ထောက်ပံ့‌‌ငွေများ‌ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးညီညီနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းနန္ဒာဝင်းတို့မှ မိတ်ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေရပ်စွန့်ခွာပြည်သူများထံ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများတက်ရောက်ခဲ့ကြပြီး နေရပ်စွန့်ခွာပြည်သူများတစ်ဦးလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် လူဦးရေ(၄၁၂)ဦးအတွက်  ငွေကျပ် (၈၂၄၀၀၀၀)ကျပ်အား ပေးအပ်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူ စုစုပေါင်း (၆၃၈)ဦးရှိပြီး ယနေ့တွင်(၄၁၂)ဦးအတွက် ပေးအပ်ခဲ့ခြင်းဖြစ်ကာ ကျန်ရှိနေသော နေရပ်စွန့်ခွာပြည်သများအတွက် ဆက်လက်ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)