စစ်ကိုင်းမြို့တွင် မွေးမိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်

စစ်ကိုင်း ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ စစ်ကိုင်းမြို့ရှိ မွေးမိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး သားဖွားခန်းမဆောင်တွင် ပေးအပ်ခဲ့သည်။

အဆိုပါ ပစ္စည်းများပေးအပ်ရာတွင် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ရွှေစီနှင့် တာဝန်ရှိသူများက အာဟာရပစ္စည်းများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာ အာဟာရထမင်းများကျွေးမွေးပြီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးတို့က မျက်မမြင်ကျောင်းအတွက် အလှူငွေကျပ် နှစ်သိန်း ရှစ်သောင်းအား ကျောင်းအုပ် ဆရာမကြီးထံသို့ ပေးအပ်ခဲ့ပြီး စစ်ကိုင်းမြို့ရှိ ထိခိုက်လွယ်ကလေးများထံသို့လည်း အာဟာရပစ္စည်းများ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)