စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သာစည်လမ်းနှင့် ပြည်ထောင်စုဈေးကြီးကြားရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေးနှင့်ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရေးစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ လူစည်ကားရာနေရာဖြစ်သည့် သာစည်လမ်းနှင့် ပြည်ထောင်စုဈေးကြီးကြားရှိ မီးရထားသံလမ်းတစ်လျှောက်ရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိမီးရထားဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၁၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးကြီးအနီး လယ်တီရေကန်အား အဆင့်မြှင့်တင်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးသစ်ထူးမြင့်က လယ်တီကန်ပတ်လမ်း အရှည် ၂၄၇၇ ပေ၊ အကျယ် ၁၄ ပေအား ကတ္တရာခင်းခြင်း၊ ကျောက်ရိုးစီတာဘောင်နှင့် စတီးလက်ရမ်းဆောင်ရွက်ကာ ပန်းအလှပင်ကြီးများစိုက်ပျိုးပြီး ပြည်သူများအပန်းဖြေအနားယူနိုင်စေရန် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်တီကန်ကြီးအနီးရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူနေနိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများ လုပ်ငန်းခွင်သို့အချိန်မီရောက်ရှိရေးတို့အား မှာကြားပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကန်ပတ်လမ်းထိန်းကျောက်ရိုးစီတာဘောင် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး၊ ပြန်/ဆက်