ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးမြို့၊ စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနှင့် သာသနာ/အသင်းတော်ခေါင်းဆောင်များနှင့် တွေ့ဆုံဆုတောင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့မှ ခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သိက္ခာတော်ရဆရာတော် စောရွှေဒုံးက အဖွင့်ဆုတောင်းစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေး အထောက်အကူပြုဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် စောချစ်မျိုးက တက်ရောက်လာကြသူများအား တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အခမ်းအနားတက်ရောက်လာကြသူများက “အိုသာယာသောမြန်မာပြည်တော်” ဓမ္မသီချင်းအား သီဆိုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် နိုင်ငံတော်အစိုးရ၏ စေတနာကို သိရှိနားလည်ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်မှာဖြစ်၍ တိုင်းဒေသကြီးအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် မိမိတို့ဘာသာ၊ သာသနာအကျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ဖော်ဆောင်နိုင်ပြီး နိုင်ငံ့သားကောင်းပီသစွာ တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းအတွက် အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ဘုရားကျောင်းတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနှင့် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့မှ အသင်းတော် ခေါင်းဆောင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)