ကန်ကြီးထောင့်မြို့နယ်၌ Fire Hotspot ဖြစ်စေသည့် အကြောင်းအရင်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပုသိမ်ခရိုင် Fire Hotspot ဖြစ်စေသည့် အကြောင်းအရင်းများ ရှာဖွေဖော်ထုတ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်တပ်ရင်းတို့ ပူးပေါင်းပြီး Fire Hotspot ဖြစ်စေသည့် အကြောင်းအရင်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ လေပွေချောင်ကျေးရွာ၊ မဟာမြိုင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ပုသိမ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်မှ “မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ” ရာသီဥတုပြောင်းလဲခြင်းအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အရန်မီးသတ်တပ်ရင်း၊ ဒုတပ်ရင်းမှူး ဦးခင်မောင်လွင်မှ ”မီးရှို့ခြင်း၏ ဆိုးကျိုးများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကန်ကြီးထောင့်မြို့နယ်၊ လေပွေချောင်ကျေးရွာ အမှတ်(၁)ရပ်ကွက်၊ ရိုးကြီးကျေးရွာ အမှတ်(၁)ရပ်ကွက်၊ ဘုရားချောင်းကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ ကျောင်းစုကျေးရွာ အမှတ်(၃)ရပ်ကွက်ရှိ ရပ်ကွက်သူရပ်ကွက်သားများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစာစောင်(၆၀)အား လက်ဝယ်အရောက် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)