ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှု အခြေအနေများအား လာရောက်ကြည့်ရှု

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကန်ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေမှု အခြေအနေများအား ယနေ့နံနက် (၁၀) နာရီအချိန်က လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများသည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ (၂)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေမှုများ ဖြစ်ကြသည့် အဆောက်အဦများ ဆောက်လုပ်ထားရှိခြင်း၊ သီးနှံများစိုက်ပျိုးထားခြင်းနှင့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားခြင်း အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကျုံကြီးကျေးရွာရှိ ဆည်မြောင်းဦးစီးဌာနမှ ကျုံကြီးကျေးရွာ အုပ်စု၊ ကံကုန်း-မြင်းကဆိပ်ရေမြောင်းတူးဖော်ခြင်းနှင့် ညောင်ချောင်းကျေးရွာ ရေသွင်းရေတံခါးတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)