ငွေဆောင် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီကငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ရှောက်ချောင်းကျေးရွာ၊ သုခိတာရုံကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူသားချင်းစာနာမှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများပေးခြင်းဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေးနှင့် စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေးတို့အတွက် ဆောင်ရွက်ထားပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူး မျိုးဇေမြင့်၊ ငွေဆောင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးသက်ခိုင်နှင့် ငွေဆောင် မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံတို့မှ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်ပက်သက်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှင့် ဆန်(၂)ပြည် ထောက်ပံ့ပေးအပ်ကာ စာရင်းတွင်မပါဝင်လာသူများနှင့် ကျန်ရှိနေသောရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအတွက် ထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
R – 014( ငွေဆောင်)