ဘိုကလေး ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံစလူငြုပ်ကောင်းကျေးရွာအုပ်စုတွင် ယနေ့နံနက် (၉) နာရီအချိန်၌ ဆင်သေကွေ့-လေးအိမ်တန်း ကျေးရွာချင်းဆက် ကွန်ကရစ်ကျောက်ချောလမ်းသစ်ဖွင့်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အဖွဲ့ဝင် ဦးလှသန်းဦးတို့ တက်ရောက်ပြီး ကွန်ကရစ်လမ်းသစ်အား လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ဒေသခံပြည်သူများ ခြံရံလျက် ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက ယခုကဲ့သို့သော ကွန်ကရစ်လမ်းအောင်မြင်စွာ ခင်းကျင်းနိုင်ခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထောက်အပံ့နှင့်အတူ ဒေသခံများ၏ ညီညွတ်မှုများပါ ပါဝင်သဖြင့် လုပ်ငန်းအောင်မြင်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဒေသ ဆက်လက်၍ ဖွံ့ဖြိုးဝေစည်တိုးတက်ရေး အတွက်လည်း ဆက်လက်ညီညွတ်စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ယခုဖွင့်လှစ်ခဲ့သော ကျေးရွာချင်းဆက်လမ်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ မတည်ငွေ (၁၉၈) သိန်း အပါအဝင် ဒေသခံ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း (၈၆၀)ကျော်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကွန်ကရစ်လမ်း အထူ(၅)လက်မ၊ အကျယ် (၁၀) ပေ၊ အရှည် (၂၇၆၀)ပေ ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)