ဟင်္သာတ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် ယမန်နေ့မွန်းလွဲ (၃)နာရီက ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်က မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျကိုင်တွယ်ငြိမ်းသတ်နိုင်ရေး နည်းလမ်းများအား အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ မိမိတို့ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုန်း၊ ရေပုန်းများ အသင့်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဥက္ကာနှင့် တာဝန်ရှိသူများမှ ဆီမီးလောင်စာငြိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ အရေးပေါ်မီးငြိမ်းသတ်နည်းများကို ဆရာ၊ ဆရာမများ၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)