ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် နေကြာ ၅၆၅၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် နေကြာသီးနှံ ၅၆၅၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာ ၁၆၀၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ နေကြာသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ဒီဇင် ဘာလမှ စတင် ရိတ်သိမ်းခဲ့ရာ ယနေ့ထိ နေကြာ ၅၆၅၆ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နေကြာ ၁၆၀၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့နေကြာစိုက်ခင်းများကို ဒေသခံတောင်သူတွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ရိတ်သိမ်း ဆောင်ရွက်လျက်ရှိရာ ဒီနေ့ထိ နေကြာ ၅၆၅၆ ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ တစ်ဧကကို ၁၈ ဒသမ ၃၄ တင်း ထွက်ရှိပါတယ်။ ဆောင်းနေကြာသီးနှံ ရိတ်သိမ်းခြွေလှေ့ခြင်းနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်းတွေ လျော့နည်းမှု မဖြစ်အောင် တောင်သူတွေကို အချိန်မီသီးနှံရိတ်သိမ်းနည်းပညာနဲ့ ရိတ်သိမ်းပြီးတဲ့ နေကြာများကို အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ထားသိုသိမ်းဆည်းနည်းစနစ်များကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၂၈၀၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၁၆၀၅၉ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နေကြာစိုက်ပျိုး တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံအထွက်နှုန်း တိုးတက်အောင် စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းရေးအတွက် တောင်သူအသိပညာပေးခြင်းများကို ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

နေကြာသီးနှံကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးဆီ ဖူလုံစေသည့် အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေတိုးပွားကာ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာမည်ဖြစ်သောကြောင့် နေကြာသီးနှံအပါအဝင် အခြားသောဆီထွက်သီးနှံများကို နှစ်စဉ် တိုးချဲ့ စိုက်ပျိုးနိုင်ရန် ဒေသမရွေးကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )