ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပေါ်ဆန်းစပါးစိုက်တောင်သူများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူလယ်သမားနေ့အခမ်းအနားကို မတ်လ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပေါ်ဆန်းဖိုရမ်ကိုလည်း ထည့်သွင်းကျင်းပသွားဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပြခန်းများတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ပေါ်ဆန်းမျိုးစပါး၊ ပေါ်ဆန်းဆန်များ ထည့်သွင်းပြသဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းစပါးစိုက်တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနအပါအဝင် တန်ဖိုးကွင်းဆက်တစ်လျှောက် သက်ဆိုင်သူများအားလုံးပါဝင်ပြီး ပေါ်ဆန်းဆန်အရည်အသွေး ကောင်းမွန်၍ စျေးကွက်ရရှိရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပေါ်ဆန်းဖိုရမ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ပေါ်ဆန်းဖိုရမ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပေါ်ဆန်းဖိုရမ် ကျင်းပပြုလုပ်မည့် အစီအစဉ်များကိုလည်းကောင်း ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(ARCCI)ဥက္ကဋ္ဌ၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ) သုတေသနအရာရှိ (တာဝန်ခံ)၊ ပုသိမ်တက္ကသိုလ် စီးပွားရေးပညာဌာနပါမောက္ခနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ထုတ်တောင်သူတစ်ဦးနှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲတာဝန်ခံတို့က ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)